ကျွန်တော့် ဖေဖေရဲ့ အမြဲတစ်စေ ပြောတတ်တဲ့ စကားပုံလေးကို သတိရလို့ တင်ပြပါရစေ။
ဆရာ သွား၊ သွားကြေး
ဆရာ စား၊ စားကြေး
ဆရာ သေတော့၊ လေချွန်ပြန်လာ၏။ တဲ့--
ကျွန်တော်တို့ နိုင်ငံကို လက်ရှိအုပ်ချုပ်နေသူတွေ ဒီအချက်ကို သတိထားသင့်ပါတယ်။ ဖေဖေ ပြောတဲ့ လူတွေဟာ အခုချိန်မှာ အရင်တုန်းကထက်ပိုများလာပါတယ်။ ဘယ်သူဗိုလ်ချုပ်ဖြစ်ပြီဟေ့ ဆိုရင် သူ့ ပတ်ဝန်းကျင်မှာ ၀ိုင်းဝိုင်းလည် ခစားကြတော့ပါပဲ။ သူ့ ကိုသာမက သူ့ မိသားစု သူ့ အမျိုးအဆွေတွေကိုပါ မြှောက်ပင့်ပေါင်းသင်းတော့ ဒီလူဟာ အင်မတန်တော်တယ်ပေါ့။ ဆရာကျေးဇူးကို သိတယ်၊ ဆရာကို ရိုသေတယ်ပေါ့။ ဒီလို သိတတ်လို့  လုပ်ပိုင်ခွင့်တွေထုတ်ပေးလိုက်ရော။ ဟော ဆရာလည်း အလုပ်ပြုတ်ရော အဲဒီလိုလူတွေက အနားမကပ်တော့တဲ့ အပြင် နောက်ဆရာကိုသာ ပင့်မြှောက်ပါလေရော။ အဲဒီတော့ကျမှ အမှန်တွေသိပြီး ဒေါသတွေထွက်ရတာပဲ အဖတ်တင်ကျန်တာပေါ့။
နောက်လူတစ်မျိုးကတော့ အဲဒီလူတွေထက်ကို ပိုဆိုးတယ် ဆရာကို မျက်မှန်စိမ်းတပ်ပေးလိုက်တဲ့ ကြားကမွှေသူတွေပဲ။ ဆရာပြောသမျှကို ဟုတ်ကဲ့လိုက်ပြီး ဆရာခိုင်းတာထက် သူများကို ညှင်းပမ်းတဲ့နေရာမှာ ပိုလုပ်တယ်။ ညှင်းပမ်းခံရတဲ့ လူကိုတော့ ဆရာခိုင်းတဲ့ အတိုင်းလုပ်ရတယ်လို့ပြောတယ်။ အဲဒီတော့ ကျန်တဲ့လူတွေက ဆဲတော့ ဆရာ့ကိုဆဲတော့တာပေါ့။ မုန်းတော့လည်း ဆရာ့ကိုပဲမုန်းတယ်။ မုန်းလို့ပြန်ပြောရင် ဆရာ့ကို ၁၀ဆတိုးပြီးပြန်ပြောတယ်။ ဆရာက ထပ်အပြစ်ပေးခိုင်းရင် သေတဲ့အထိအပြစ်ပေးလိုက်တယ်။ အင်မတန်ကြောက်စရာ ရွံမုန်းစရာ ကောင်းတဲ့လူတွေပါ။ ဒီလိုလူတွေဟာ အာဏာရှင်စနစ်မှာ ပိုမိုများပြားကြတယ်။ အာဏာရှင်အများစုဟာ သူ့ အမိန့်ကို နာခံသူကိုကြိုက်တယ်။ သူမှားလို့ ထောက်ပြပြောဆိုရင် အာဏာဖီဆန်သူဆိုပြီး မုန်းတယ်။ ဒါကြောင့်လည်း အထက်ဖား အောက်ဖိသမားတွေအတွက် နေရာပိုရတယ်။ နောက်အဲဒီလိုလူမျိုး အများစုက အာဏာရှင်နံဘေးမှာ ၀ိုင်းထားလေ အာဏာရှင်ဟာ အမှန်ကို အမြင်နိုင်လေ ဖြစ်လာတယ်။ ဒါကြောင့်လည်း အခုချိန်မှာ ကမ္ဘာကျော် အဆဲခံပုဂ္ဂိုလ်ဟာ ဦးသန်းရွှေဖြစ်ပြီးတော့ ကြားက စားဖားများကတော့ ချမ်းချမ်းသာသာနဲ့ လူ့ စည်းစိမ်ကို အပြည့်အ၀ယူနေကြပါတော့တယ်။
Sunday, October 12, 2008
ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ကွ နိုင်ငံသားအကျဉ်းသားအားလုံးကို လွှတ်ပေးပါရန်တောင်းဆိုခြင်း
လက်ရှိစစ်အစိုးရအား ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ကွ နိုင်ငံရေးအကျဉ်းသား အားလုံးအား လွှတ်ပေးပါရန် တောင်းဆိုလိုက်ပါသည်။
ကျွန်တော်တို့ ဒီလိုတောင်းဆိုလိုက်တိုင်း စစ်အစိုးရရဲ့ အမြင်မှာ ဒါဟာ တစ်ဖတ်သတ်တောင်းဆိုမှုလို့ မြင်နေပါတယ်။ ဒီလို လွှတ်ပေးလိုက်ရင် နိုင်ငံရေး မတည်ငြိမ်မှုတွေပိုများလာမယ်။ ဆန့်ကျင် ဆန္ဒပြမှုတွေပြုလုပ်အောင် လူအင်အားဖြည့်ပေးလိုက်သလိုဖြစ်မယ် ဆိုပြီးမြင်နေပါတယ်။ တကယ်တော့ ဒါဟာ စစ်အစိုးရရဲ့ စိုးရိမ်မှုလွန်ကဲခြင်းပါ။ သူတို့ တစ်တွေဟာ လက်နက်ကိုင်တွေ မဟုတ်သလို။ အကြမ်းဖက်ဝါဒီသမားတွေလည်း မဟုတ်ကြပါဘူး။ သူတို့ မှန်တယ်လို့ ယုံကြည်တဲ့ အရာကို ပြောကြခြင်းပါ။ ဒီလိုပြောလို့ လူတွေ ၀ုန်းဒိုင်းဖြစ်လာမယ်ထင်လို့ ထိန်းသိမ်းတယ် ဆိုရင်လည်း နှစ်ချီ မထိန်းသိမ်းသင့်ပါဘူး ခတ္တခဏသာပဲ ထိန်းသိမ်းသင့်ပါတယ်။ အဲဒီလိုလုပ်လိုက်တဲ့ အတွက် တစ်ဦးနဲ့ တစ်ဦး နားလည်မှုတွေ ပိုမိုလွဲမှားကာ ပိုပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေကို ဖြစ်စေပါတယ်။ နောက်ထပ်ပိုဆိုးတဲ့ အချက်က ထိန်းသိမ်းထားစဉ်မှာ ညှင်းပမ်းတဲ့ လုပ်ရပ်ပါ။ သူတို့တစ်တွေဟာ နိုင်ငံတော် အစိုးရရဲ့ မှားယွင်းတဲ့ အုပ်ချုပ်မှုနည်းပညာတွေကို ထောက်ပြနေပေမဲ့ ဘယ်တုန်းကမှ တိုင်းသူပြည်သားဆီက ခိုးယူခြင်း၊ ဓါးပြတိုက်ခြင်း မလုပ်ခဲ့ပါဘူး။ ဒါ့အပြင် ဘယ်တုန်းကမှ စစ်အစိုးရဘက်တော်သားတွေကို လက်နက်နဲ့ ထိုးစစ်ဆင်ခြင်းကိုလည်း မပြုလုပ်ကြပါဘူး။ ဒီလို လူတွေကို ရက်ရက်စက်စက် ညှင်းပမ်းနှိပ်စက်တာဟာ လုံးဝ မတရားတဲ့ အပြုအမူပါ။ အကယ်၍ စစ်အစိုးရသာ နိုင်ငံရေး အကျဉ်းသားခေါင်းဆောင်တွေကို ထိန်းသိမ်းထားစဉ်မှာ ဆွေနွေးခဲ့ရင် စစ်အစိုးရအခုလို နာမည်ပျက်နဲ့ အစိုးရတစ်ခုဖြစ်လာမှာ မဟုတ်တဲ့ အပြင် တိုင်းပြည်လည်း အခုလို ဆင်းရဲတွင်းနက်လာမှာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူရင် ဆွေးနွေးအဖြေရှာရပါတယ်။ ဒါကြောင့် စစ်အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံးလွှတ်၍ ဆွေးနွေးခြင်းဖြင့် အဖြေရှာပါလို့ တိုက်တွန်းလိုက်ပါတယ်။

Tuesday, September 30, 2008
သွေးရင်း ညီအစ်ကို မောင်နှမတွေလေ
ကျွန်တော် ပုံပြင်လေးတစ်ပုဒ်ကို လွန်ခဲ့သော ၅နှစ်ကျော်က ခရစ်ယာန်ဘာသာရဲ့ ဆုံးမစာ စာအုပ်မှာ ဖတ်လိုက်ရတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ အရလဲ သူက ငါ့ကို ဘယ်တုန်းက ဘယ်လိုပြောတယ် ဆိုတဲ့ ပညတ်စိတ် မထားဖို့ ဆုံးမထားပါတယ်။
ပုံပြင်ထဲမှာတော့ ----- မာယာဆိုတဲ့ ၄ နှစ်အရွယ်ကလေးမလေးက သူ့ သူငယ်ချင်း လီလီတို့ အိမ်ကို သွားလည်ချင်လို့ သူ့ အဖေကို လိုက်ပို့ ခိုင်းပါတယ်။ ဖခင်ဖြစ်သူက လိုက်ပို့ ခါနီးမှာ တစ်စုံတစ်ခုကို သတိရပြီး မာယာကို မေးလိုက်ပါတယ်။
ဖခင် ။ ။ သမီး အခုသွားမှာက လီလီတို့ အိမ်နော်။ သမီး တစ်နေ့ကပြောတော့ သူနဲ့ ရန်ဖြစ်ထားတာဆို။ အခုသွားမလို့လား။
မာယာ။ ။ ဖေဖေရယ် အရင်က ဟာတွေပြောမနေပါနဲ့ ။ အခုသမီးတို့ က သူငယ်ချင်းတွေလေ။
ဖခင်ဟာ သမီးဖြစ်သူကို လေးစားစွာ နဲ့ တအံ့တသြပြန်ကြည့်လိုက်ပါတယ်။
ပုံပြင်လေးကတော့ ဒါပါပဲဗျာ။ ၄ နှစ်သမီးကလေးတောင်မှ ဒီလိုစိတ်ထားနိုင်ရင် ကျွန်တော်တို့ ကိုယ့်လူမျိုးအချင်းချင်း ဘာလို့ အမုန်းတွေကိုင်စွဲပြီး ကိုယ့်တိုင်းပြည် ဆင်းရဲအောင် လုပ်နေမလဲ။ အားလုံး စည်းစည်းလုံးလုံးနဲ့ ဆွေးနွေးတိုင်ပင်ကြတာပေါ့ဗျာ။
ဆရာကြီး ဦးဝင်းတင် ပြောသွားသလိုပါပဲ ဆွေးနွေးပွဲမှာ အငြင်းအခုံဆိုတာရှိတာပဲ။ ဒါပေမဲ့ တစ်ယောက်ကို တစ်ယောက် အငြိုးကြီးစွာ မထိုးနှက်သင့်ဘူးတဲ့။ ကျွန်တော်တို့က သွေးရင်းညီအစ်ကို မောင်နှမ တွေလေ။

Monday, September 29, 2008
ပညာရှိ ၃ ဦးတို့ ရဲ့  တစ်ခွန်းထဲသော ဆုံးမစကား
ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးဟာ ဆင်းရဲမွဲတေ ချွတ်ခြုံကျ ဘ၀ကိုရောက်ရှိခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ အမှားကို မြင်လို့  အမှန်ရအောင် တိုက်ပွဲဝင်ကာ စတေးခဲ့ရတဲ့ သံဃာတွေ၊ ပြည်သူတွေရဲ့ ဘ၀ နဲ့ သွေးတွေဟာလည်း မနည်းပါဘူး။ ဒီလိုဖြစ်လို့  ဒီတိုက်ပွဲကို ရပ်ဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဘာကြောင့် ကျွန်တော်တို့ အောင်မြင်မှု မရတာလဲ ဆိုတာကို ပညာရှိကြီး (၃) ဦးက ခေတ်အဆက်ဆက်မှာ ထောက်ပြခဲ့ပါတယ်။ ကျွန်တော်တို့က ဒါကို သေချာ အလေးအနက်မထားခဲ့လို့ပါ။ ဒါကြောင့် ကျွန်တော်တို့ယခုချက်ချင်း လိုက်နာလုပ်ဆောင်ရမဲ့ လမ်းစဉ်ကို ပညာရှင်ကြီး ၃ ဦး ရဲ့ စကားကို ပြန်လည်ဖတ်ရှုပြီး လုပ်ဆောင်ကြပါစို့။
(၁) မစိုးရိမ် ဆရာတော် ဘုရားကြီးရဲ့ တစ်ခွန်းထဲသော စကား
ဒကာတို့ တစ်တွေ ဟန်ဆောင်လေးဖြစ်ဖြစ်တော့ ညီညွတ်ကြပါ တဲ့။
(၂) ကဗျာ ဆရာကြီး ဦးတင်မိုးရဲ့  ကဗျာကတော့
ဘယ်က ရဲဘော်လဲ
သူ့မယုံရ ကိုယ့်မယုံရနဲ့
သံသယတွေ ပိုကဲ
ဟိုတစ သည်တစ ပြိုကွဲ
ဘယ်က ရဲဘော် ဖြစ်မှာလဲ။
တီးတိုးတီးတိုးသဖန်းပိုး
ကွယ်ရာတမျိုး ရှေ့တမျိုး
ခြေထိုးမတော် ချော်လို့လဲ
ဘယ်က ရဲဘော် ဖြစ်မှာလဲ။
နေရာပိုင်မှု အပြိုင်လု
လူထုအတွက် ပြည့်အတွက် တဲ့
အရှက်ကနဲ သွေးကခွဲ
ဘယ်က ရဲဘော် ဖြစ်မှာလဲ။
ခြေပုန်းခုတ်လို့ ဂုပ်ပေါ်တက်
မျက်နှာနှစ်ဖက် လျှာနှစ်ခွ
နှစ်ဖက်လွှနဲ့ သပ်လျှိုခွဲ
ဘယ်က ရဲဘော် ဖြစ်မှာလဲ။
တင်မိုး
၁၆၊ ၃၊ ၂၀၀၀
(မိုးချိုသင်း ဘလောဂ်မှ ပြန်လည်ကူးယူ ဖေါ်ပြသည်)
(၃) သတင်းစာ ဆရာကြီး ဦးဝင်းတင် စကား
ကျနော်တို့မှာ လုပ်နိုင်တယ်။ ကျနော်တို့မှာအစွမ်းအစရှိတယ်။ လုပ်ဖို့လူတွေရှိတယ်။ လုပ်ဖို့အင်အားရှိတယ်။
ကျနော်တို့ ခေါင်းဆောင်ဖို့နေရာက အရေးမကြီးဘူးဗျ။ ကျနော်တို့ စုစည်းနိုင်ဖို့ပဲ။ စစ်မှန်သော ဒီမိုကရေစီနိုင်ငံရေးအတွက်လုပ်မယ်။
အဓိက ကျနော်လုပ်မယ့်ဟာကတော့ ဒီမိုကရေစီနိုင်ငံရေးကိုလုပ်မယ်။ နောက်တခုက အလုပ်လုပ်မယ့်ဟန်က သဘောထားက ဘာလဲဆိုရင် စစ်တပ်မို့လို၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိုလို့၊ ဘာလို့၊ လူပုဂ္ဂိုလ်တွေ ကျနော် ဘယ်သူ့မှ အပြစ်မတင်ဘူး။ ဘယ်သူ့ကိုမှ မရှုတ်ချဘူး၊ ဘယ်သူ့ကိုမှ မကန့်ကွက်ဘူး။ လက်တွဲလုပ်နိုင် ရင်လုပ်မယ်။ ဒါပေမယ့်လို့ နိုင်ငံရေးကို နိုင်ငံရေးသမားအနေနဲ့လုပ်ပါ။ စစ်တပ်ကနေ စစ်အာဏာယန္တရားကြီးကို ဖျက်သိမ်းပါလို့ အဲဒီတောင်းဆိုချက်နဲ့ ကျနော်ရပ်မယ်။ နောက်တခုက ကျနော်စုစည်းနိုင်သမျှ စုစည်းမယ်။ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် အကုန်လုံးကိုလက်တွဲပြီးတော့ လုပ်သွားမယ်။
(ခောတ်ပြိုင် အင်တာဗျူးမှ ကူးယူဖေါ်ပြသည်)
မိတ်ဆွေများခင်ဗျား အထက်ပါ ပညာရှင်ကြီးများ ပြောသွားသလိုပဲ ကျွန်တော်တို့တစ်တွေ စည်းစည်းလုံးလုံးနဲ့ ကိုယ့်နိုင်ငံ အမှန်တကယ် တိုးတက်ရေးလမ်းစဉ်ကို လက်တွဲညီညီ ချီတက်ကြပါစို့ ။

Thursday, August 28, 2008
၂၀၁၀ ကို ဘာလို့စောင့်တာလဲ
ကျွန်တော် ဒီကိစ္စကို စဉ်းစားနေတာပါ။ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို စောင့်နေတာတဲ့။ ဘာအတွက် ဘာကို စောင့်တာလဲဆိုတာ ကျွန်တော် တကယ်ပဲ နားမလည်တာပါ။ တစ်ချို့က ပြောတာတော့ ကုလသမ္မဂ္ဂရဲ့ တရားဝင် အစိုးရဖြစ်အောင်လို့တဲ့။ ကျွန်တော်တို့ လူမျိုးက ပြည်ပအားကိုးတဲ့လူတွေမှ မဟုတ်တာ။ စစ်တပ်ဆို ပိုတောင် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသေးတယ်။ စစ်သားကွ ပစ်ရင်မှန်အောင်ပစ်တယ်တဲ့။ ကိုယ့်ပြည်သူတောင် ပစ်ရက်တဲ့ ဒီလောက် စိတ်ကြီးတဲ့ စစ်ဗိုလ်ချုပ်တွေက ပြည်ပက လက်ခံချင်အောင်ဘာလို့ လုပ်နေတာလဲ။ (ပြည်သူကို သတ်ပြီး ပြည်ပကို တိတ်တိတ်ကျိတ်အားကိုးနေတာတော့ မဖြစ်နိုင်ဘူး။ သတင်းစာထဲမှာ အတည်အလင်းပြောပြောနေတာပဲ)
ကိုယ့်တိုင်းပြည် မှာ ပြည်သူတွေစားဝတ်နေရေး ဖူုလုံရေး၊ ကျန်းမာရေး နှင့် ပညာရည် မြင့်မားရေး၊ စိတ်ဓါတ်မြင့်မားရေးတို့ကို ဆောင်ရွက်ဖို့က အဓိက မဟုတ်ဘူးလား။ စစ်အစိုးရက ဘယ်သူ အသိအမှတ်ပြုတာကို မကြည့်ပဲ တိုင်းပြည်ကို အုပ်ချုပ်လာတာ နှစ် ၂၀ တောင်ရှိပြီပဲ။ ဘာလို့ အခုမှ သူများ အသိအမှတ်ပြုတာခံချင်ရတာလဲ ဆိုတာ စဉ်းစားလို့မရဘူး။ နောက်ပြီး အခုအုပ်ချုပ်နေတဲ့ အဖွဲ့ ထဲမှာလဲ အတိုက်အခံပါတီက ခေါင်းဆောင် တစ်ယောက်မှလဲ မပါဘူး။ ၂၀၁၀ မှာလဲ ပါမှာမှမဟုတ်တာ။ အဲဒီတော့ ဘာများထူးထူးခြားခြားရှိလို့လဲ။ အဓိက က ကိုယ့်တိုင်းပြည် ပြည့်စုံအောင် လုပ်ဖို့ပဲ မဟုတ်လား။ ၂၀၁၀ ထိမစောင့်ပဲ အခုလုပ်လို့ မရဘူးလား။ တကယ်ဆို ဟိုး အစကတည်းက လုပ်သင့်တာ။ ဟ အုပ်ချုပ်ရေးပညာ ဆိုတာ ခင်ဗျားတို့ ဘေးထိုင်ပြောသလို လွယ်တယ်များ ထင်နေလား လို့တော့ ပြန်မပြောနဲ့။ အရမ်း ခက်ခဲတဲ့ပညာတခုဆိုတာ သိလို့လဲ တစ်အုပ်စုချင်းရဲ့ ဥာဏ်နဲ့တော့ နောင်နှစ်တွေသာ ကုန်သွားမယ် မတိုးတက်နိုင်ဘူးလို့ ပြောနေတာပါ။ ဒါကြောင့်လဲ အားလုံးစုပေါင်းပြီး ဆွေးနွေး အဖြေရှာရင် ပိုကောင်းမယ်လို့ အားလုံးက ၀ိုင်းပြောနေတာပါ။ စစ်တပ်ကိုလက်နက်ချပြီး နေရာက ဖယ်ပေးဖို့ ပြောနေတာ မဟုတ်ပါဘူး။ အခုလက်ရှိ စစ်အစိုးရ လက်ထဲမှာ တိုင်းပြည်ရှိနေပြီပဲ ဘာလို့ ၂၀၁၀ ကို စောင့်နေတာလဲ။

Tuesday, August 26, 2008
ကျွန်တော် အတွေ့ အကြုံ နှင့် စစ်ဗိုလ်လေးများ ဘ၀ အကြောင်း
ကျွန်တော် ဒီစာကို ရေးရတာကတော့ နိုင်ငံခြားပညာတော်သင် စစ်ဗိုလ်လေးများရဲ့ ဘ၀ကို ကိုယ်ချင်းစာလို့ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် သူတို့နဲ့တူတဲ့ဘ၀ မျိုးကိုရောက်ခဲ့ဘူးပါတယ်။ ကျွန်တော် ၁၀ တန်းအောင်တော့ တက္ကသိုလ်တစ်ခုကို စ၀င် ပါတယ်။ သတင်းအရ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းဆင်းရင် အုပ်ချုပ်ရေးမှာ အရာရှိအနေနဲ့ အလုပ် ခန့်မယ်လို့ဆိုပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ ကျောင်းသားတွေ ဘာမှမသိပါဘူး။ တက္ကသိုလ်ရောက်ခါစဆိုတော့ ထုံးစံအတိုင်း ပျော်ကြတာပေါ့။ ဒါပေမဲ့ ကျောင်းစာစသင်တာနဲ့ ဆရာတစ်ချို့ကလည်း မင်းတို့ကို မင်းတို့ အုပ်ချုပ်ရေးမှာ အရာရှိဖြစ်မယ်ဆိုပြီး မာနစိတ်မ၀င်နဲ့ တကယ်တော့ မင်းတို့က ဘာမှတတ်တာမဟုတ်ဘူး။ တစ်ယောက်လာလဲ ဒီသဘောမျိုးပြောပြန်ရော၊ နောက် အရင်တက်နေတဲ့ ဘာသာတူပေမဲ့ စာသင်ကာလနည်းတဲ့ ကျောင်းသားတွေကလဲ အမြင်မကြည်သလို ဘာလိုလိုနဲ့ လာဆက်ဆံတယ်။ အဲဒီတော့မှ သူငယ်ချင်းတွေစုပြီး သူတို့ကဘာလို့ ဒီလိုလာပြောတာလဲ၊ ဆရာတွေကရော ဘာတွေကို ဘယ်လိုထင်ပြီး လာပြောပြောနေတာလဲ ဆိုတာကို ၀ိုင်း အဖြေရှာကြတယ်။ နောက်ဆုံးကျမှ ကျွန်တော်တို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းပြီးရင် သူတို့ရဲ့ အရာရှိဖြစ်မှာကို သိနေလို့ ဒီလိုပြောတာတဲ့။ ကျွန်တော်တို့တစ်တွေ စိတ်တိုပြီး ပါမောက္ခဆီသွားတိုင်ပြီး ကိစ္စကို ဖြေရှင်းခဲ့ရတယ်။ တစ်ကယ်တော့ ကျွန်တော်တို့ အဲဒီကျောင်းကိုတက်ခဲ့တာဟာ လူတွေကို ငါအရာရှိကြီး ဖြစ်ရင်တော့ နှိပ်ကွပ်မယ်ဆိုပြီး တက်ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့ စိတ်ထဲမှာ တက်ကြွစွာနဲ့ ကယ်တင်ရှင်ကြီးလုပ်မယ်လို့ပဲ စိတ်ကူးရှိတာ။ ကျွန်တော်ဆိုရင် တက္ကသိုလ်တစ်ခုတက်ရတဲ့ အရသာကိုပဲ စိတ်ကူးနေတာ။ ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံး သူတို့ပြောသလို ဘယ်သူမှ မတွေးကြပါဘူး။ အဲဒီအချိန်မှာပဲ ကျွန်တော်သင်ခန်းစာ တစ်ခုရသွားတယ် ငါလူကြီးဖြစ်ရင် ဘယ်တော့မှ နားမလည်သေးတဲ့ လူငယ်တွေကို အပြစ်အရင် မပြောဘူးဆိုတဲ့ စိတ်တစ်ခုပါ။
နိုင်ငံခြား ပညာတော်သင်လာတဲ့စစ်ဗိုလ်လေးတွေလည်း ဒီလိုပါပဲ သူတို့ ၁၀ တန်းအောင် ကတည်းက စစ်ထဲဝင်လိုက်ရတယ် နုညံ့တဲ့စိတ်ကလေးတွေထဲကို ဒီမိုကရေစီရအောင် လုပ်နေတဲ့ဗမာလူမျိုးတွေဟာ တိုင်းပြည်ကို ဖျက်ဆီးနေတာ စစ်တပ်ကမှ တကယ်စေတနာ ရှိတာ မင်းတို့ကဒါကို စောင့်ရှောက်ရမှာ ဒါမှ မင်းတို့က ခေါင်းဆောင်ကောင်းဖြစ်ပြီး တိုင်းပြည်ကတိုးတက်မှာ ဆိုပြီး ရိုက်သွင်းခံခဲ့ရတယ်။ ပတ်ဝန်းကျင် ကြည့်လိုက်ရင်လည်း ဗိုလ်ကြီးတွေက ယူနီဖောင်းနဲ့ စတိုင်ကျကျ ဗိုလ်ကတော်တွေက ရွှေတွဲလဲ စိန်တွဲလဲ ဆိုတော့ တိုင်းပြည်ကတိုးတက်တယ်ပေါ့။ ငွေကြေးတွေကဖောင်းပွတော့ လူတွေပါးစပ်က ပြောရင်လည်း သိန်းစကားဆိုတော့ ငါတို့ ဗိုလ်ချုပ်မှူးကြီးအုပ်ချုပ်တာ တော်တော်တိုးတက်တယ်ပေါ့။ သူတို့ ပတ်ဝန်းကျင် အမြင်အရတော့ မှန်နေတာပဲလေ။ ဒါပေမဲ့ နိုင်ငံခြားတိုင်းပြည်ကို ခြေချမိတာနဲ့ ငါတို့ တိုင်းပြည်ဟာ အရမ်းမွဲတာပဲဆိုတာ အဲဒီစစ်ဗိုလ်လေးတိုင်းသိပါတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတာ သူတို့ စူးစမ်းကြည့်မှာ မလွဲပါဘူး။ အဲဒါကို သိလို့လဲ သူတို့ရဲ့ ဆရာကြီးများက ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်အောင်လုပ်ထားလို့။ ဒီမိုလိုပြောတဲ့လူတွေက တိုင်းပြည်ကို မကောင်းကြောင်းပဲဝိုင်းပြောလို့ ဒီလိုဖြစ်နေတာဆိုတာကို ကြိုတင်ရိုက်သွင်းခဲ့တယ်။ သူတို့က လူငယ်လေးတွေဆိုတော့ အင်မတန်မှ စိတ်ကြွနေတယ်လေ။ ဒါကြောင့်လဲ သူငယ်ချင်းနဲ့ ဖုန်းပြောတာတောင် ငါက မြေအောက်တော်လှန်ရေးသမားတွေကို အပြတ်ရှင်းမှာကွလို့ ပြောတာပေါ့။ ဒီအသံဖိုင်လေးထွက်လာတော့ ကျွန်တော်လေ နားထောင်ရင်းရီလိုက်ရတာ။ အသက်အရွယ်ချင်းအတူတူတောင် ရိုက်သွင်းခံထားရတဲ့ ကလေးနဲ့ လွတ်လပ်တဲ့ ကလေးရဲ့ အပြောနဲ့ အတွေးက အရမ်းကွာတာပဲ။ စင်္ကာပူက ကလေးက အေးအေးလေးနဲ့ တစ်ချက်ချင်းထောက်ပြသွားတာ။ ဒီဖက်က ကလေးကတော့ ငါက လူစွမ်းကောင်းကွဆိုပြီး အလယ်တန်းကျောင်းသားလေးလို ပြောသွားတာ။ ဒါကြောင့် ကျွန်တော် တစ်ခု အကြံပြုလိုတာကတော့ ဒီကလေးတွေကို ပြောမယ်ဆိုရင် ဖရုဿဝါစာ သုံးပြီး ဒေါသနဲ့ မပြောပါနဲ့။ ဒီလိုပြောလို့ရှိရင် ဆိုလိုတဲ့ အဓိပါယ်ကို မရောက်ပဲ နားလည်မှုလွဲသွားတတ်တယ်။ ကိုယ် သေချာမသိတဲ့ အကြောင်းအရာကိုလဲ မပြောပါနဲ့ အထင်သေးသွားတတ်တယ်။ အမှန်တရားကို သေချာပြောပြလိုက်ပါ။ သူတို့က အစတော့ ပြန်ငြင်းချင်ရင် ငြင်းလိမ့်မယ်။ ဒါပေမဲ့ အမှန်ကိုတော့ ထုတ်မပြောပေမဲ့ စိတ်ထဲက လက်ခံသွားမှာပါ။ သူတို့ဟာလဲ ကျွန်တော်တို့ရဲ့ ဗမာလူငယ်လေးတွေပါ။ စစ်ဖက်ကရော အရပ်ဖက်က လူငယ်လေးတွေ ဟာ ဗမာပြည်ရဲ့ အနာဂတ်ခေါင်းဆောင်တွေပါ။ သူတို့လေးတွေကို အမှန်ကိုသိအောင် ပြောပြရမှာက ကျွန်တော်တို့ လူကြီးတွေတာဝန်ပါ။
အေးချမ်းပါစေ မြန်မာပြည်။

ဖရုဿ ၀ါစာ
ဗမာနိုင်ငံရေး Blogတွေထဲ တော်တော်များများမှာ ဆဲနေတာတွေတွေ့ ရတာ အတော်လေးစိတ်မကောင်းဖြစ်မိတယ် ကျွန်တော်တို့ ဟာ အင်မတန်ယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာတိုင်းပြည်က လာတဲ့လူတွေပါ ဒါပေမဲ့ နိုင်ငံရေးစကားပြောပြီဆိုရင် ဆဲတာက အရင်တွေ့ ရတယ် ဆဲရင် ကျွန်တော်တို့ လူမျိုးတွေအတွက် အကျိုး ရှိမှာလား ဒီမိုကရေစီရမှာလား တိုင်းပြည်တိုးတက်လာမှာလား ကျေးဇူးပြု၍ မိတ်ဆွေတို့ ဒါလေးကို စဉ်းစားကြည့်ပါ။ ကောင်းကျိုးမဖြစ်ပဲ ဆိုးကျိုးသာဖြစ်လာမှာပါ။ ဒီမိုအုပ်စုတွေက စစ်တပ် Blog တွေမှာ သွားဆဲပြီး ၊ တပ်ဖက်ကလည်း ဒီမိုဖက်ကိုလာဆဲနဲ့ အဆဲသံသရာလည်နေတာပဲတွေ့ ရတယ်။ ဘယ်မှာလဲ ခင်ဗျားတို့ ချစ်တဲ့တိုင်းပြည်ကို ကယ်ဆယ်မဲ့နည်းလမ်း။ စစ်တပ်ကလည်း တိုင်းပြည်ကို ချစ်လွန်းလို့ တိုးတက်အောင်လုပ်လာတာ အနှစ် ၂၀ ရှိပြီ ပိုမိုမွဲတေ သံဃာသေပဲ။ ဒီမိုအုပ်စုတွေလဲ ကျိုးစားလိုက်တာ ပြည်တွင်းကလူတွေပဲ ထောင်ကျ ဘ၀ပျက် ကယ်သူမဲ့ပါပဲ။ ဒီလိုအဖက်ဖက်က ဒုက္ခတွေဝေနေချိန်မှာ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် နားလည်အောင် မဆွေးနွေးပဲ ဖရုဿဝါစာ တွေပြောပြီး အချိန်တွေ ဖြုန်းမနေသင့်ပါဘူး။ နောက်ပြီး ဒါဟာ ဘုရားမကြိုက်၊ နတ်မကြိုက်၊ ဖတ်ရတဲ့လူလဲမကောင်း၊ ရေးတဲ့လူလဲမကောင်း၊ ခံရတဲ့လူ အတွက်လဲမကောင်းပါဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ ညီအစ်ကိုများ ဒီလို အပြောမျိုးကို ရှောင်ကြပါလို့ အကြံပေးပါရစေ။
Thursday, August 7, 2008
Friday, July 18, 2008
Thursday, July 10, 2008
Subscribe to:
Comments (Atom)